Local News

လယ်ယာထွက်ကုန်သီးနှံများကို ပိုးသတ်ဆေးဓာတ်ကြွင်းသတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်တင်ပို့နိုင်ရေး ‌‌ဆွေး‌နွေးပွဲ‌အောင်မြင်စွာ ကျင်းပပြီးစီး

Last Updated:

 

လယ်ယာထွက်ကုန်သီးနှံများကို ပိုးသတ်ဆေးဓာတ်ကြွင်းသတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်တင် ပို့နိုင်ရေးဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ်၊ဒီဇင်ဘာလ (၁၆)ရက်နေ့တွင် မကွေးမြို့၊ နန်းထိုက်သူဟိုတယ်၊ အစည်းအဝေးခန်းမတွင် အောင်မြင်စွာကျင်းပခဲ့ ကြောင်းသိရှိရပါသည်။ အဆိုပါဆွေးနွေးပွဲကို စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါက ဦးဆောင်ကျင်းပခဲ့ပြီး  မကွေးတိုင်းဒေသကြီး၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က တက်ရောက်အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါသည်။ ဆွေးနွေးပွဲကို မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း ကျင်းပခဲ့ကြောင်းသိရှိရပါသည်။

ဆွေးနွေးပွဲသို့ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ ကျွမ်းကျင်ပညာရှင်၊ စာတမ်းရှင်များ၊ မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းကုန်သည်များအသင်းမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆီကုန်သည် နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ မကွေးတိုင်းဒေသကြီးဆီကုန်သည်နှင့် ဆီလုပ်ငန်း ရှင်များအသင်းမှ တာဝန်ရှိသူများ၊ မကွေးတိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့၊ တောင်သူဦးကြီးများ စုစုပေါင်း ( ၆၀ )ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့တင်ပို့သည့် လယ်ယာထွက်ကုန်သီးနှံများဖြစ်သည့် နှမ်း၊ ပဲတီစိမ်း နှင့် ထောပတ်ပဲများတွင် ဂျပန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ပိုးသတ်ဆေး ဓာတ်ကြွင်း ပမာဏထက်များစွာ ကျော်လွန်လာသည့်ဖြစ်ရပ်များ မကြာခဏဖြစ်ပေါ်နေခြင်းကြောင့် လယ်ယာထွက်ကုန်သီးနှံများကို ပိုးသတ်ဆေးဓာတ်ကြွင်း သတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်တင် ပို့နိုင်ရေး နှင့်စပ်လျဉ်း၍ သတင်းအချက်အလက်မျှဝေခြင်းနှင့် နည်းပညာအသိပညာပေးခြင်းများ ဆောင်ရွက်ရန် အဆိုပါဆွေးနွေးပွဲကိုကျင်းပရခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

ဆွေးနွေးပွဲတွင် စာတမ်းရှင်(၄)ဦးက "ဆီထွက်သီးနှံတိုးချဲ့တင်ပို့နိုင်ရေးအတွက်သီးနှံအရည်အသွေးများမြင့်မားရေး”၊ “စိုက်ပျိုးပုံနည်းစနစ်နှင့်သွင်းအားစုများသုံးစွဲပုံနည်းစနစ်”၊“သီးနှံ များ၏ ဓာတုအရည်အသွေး၊ ရူပအရည်အသွေး စမ်းသပ်စစ်ဆေး ဆောင်ရွက်နေမှုများနှင့် ပိုးသတ်ဆေး ပါဝင်မှုအခြေအနေ”၊ “ပိုးသတ်ဆေးသုံးစွဲပုံနည်းစနစ်” ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများက မေးမြန်းမှုများကို ပြန်လည်ရှင်းလင်းဖြေကြားခြင်း၊အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်ရမည့်ကိစ္စများကိုဆွေးနွေးခဲ့ကြပါသည်။ဆွေးနွေးပွဲကို (၁၃:၃၀) အချိန်တွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ကြောင်း သတင်းရရှိပါ သည်။

Category: Local News